Pages

Labels

Powered by Blogger.
Showing posts with label Comedy. Show all posts
Showing posts with label Comedy. Show all posts

Monday, February 9, 2015

Corpse Bride (2005) တမလွန်က သတို့သမီး



ဒီတစ်ခေါက်တော့ ကာတွန်းကား တစ်ကားကို တင်ပေးချင်ပါတယ်။
ကာတွန်းကားလေးနာမည်ကတော့ Corpse Bride ဖြစ်ပါတယ်။
မြန်မာလို ပြန်ကြည့်ရင်တော့ တမလွန်က သတို့သမီးလို့ အမည်ရမယ်ထင်ပါတယ်နော်
ကာတွန်းကားဆိုတော့လည်း မင်းသား၊ မင်းသမီးတွေ မိတ်ဆက်စရာလိုတော့ဘူးပေါ့ဗျာ... သက်သာတာပေါ့... :P
၂၀၀၅ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး ကျွန်တော်ကတော့ ဒီနှစ်ထဲမှာမှ ကြည့်ဖူးတာပါ။
ဇာတ်ကားလေးကတော့ ဗစ်တိုးရီးယားခေတ်လို့ ခေါ်တဲ့ ၁၉၀၀ပြည့်လွန်နှစ်တွေအတွင်းက ဥရောပကျေးလက်ဒေသလေးတစ်ခုမှာ အခြေတည်ထားပါတယ်။


ဇာတ်လမ်းအကျဉ်း
အဓိက ဇာတ်ဆောင်ဖြစ်သူ Victor Van Dort ဟာ အထက်တန်းလွှာမိသားစုတစ်စုက ချစ်စွာသော သားတစ်ယောက်ပေါ့... ဖခင်ဖြစ်သူကတော့ ငါးလုပ်ငန်းရှင်တစ်ဦးပါ... ချမ်းသာပြီး အထက်တန်းကျတဲ့ သူဌေးသားလေးဆိုပါတော့...
Victoria Everglot ဆိုတာကတော့ အထည်ကြီးပျက်မိသားစုတစ်စုရဲ့ သမီးပျိုလေးပါ... စိတ်သဘောထားဖြူစင်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် အထည်ကြီးပျက်မိသားစုမှာ သမီးပျိုလေး ဖြစ်လာရတာကတော့ ကံတရားပေါ့လေ...
သူမရဲ့ မိဘတွေက အကြံအစည်ကြီးတယ်... ကောင်လေး Victor Van Dort နဲ့ သူမကို လက်ထပ်ပေးဖို့ စီစဉ်ပြီး ဘာမှမရှိတဲ့ သူတို့ရဲ့ မီးခံသေတ္တာထဲမှာ ငွေတွေဖြည့်ဖို့နဲ့ သူတို့ဆက်ပြီး ဟန်မပျက်နေနိုင်ဖို့ ကြံစည်တော့တာပေါ့...
သည်လိုနဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်ခါမှ မတွေ့ဖူးဘဲ လက်ထပ်ဖို့ ဖြစ်လာကြတယ်...

ဒါပေမယ့် လက်ထပ်မယ့်နေ့မှာပဲ သူတို့နှစ်ယောက်တွေ့ဖြစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် တကယ်ကို ကြည်ကြည်ဖြူဖြူ နှစ်သက်မိကြတယ်... နူးညံ့သိမ်မွေ့သူအချင်းအချင်း အသွင်တူ အိမ်သူဖြစ်တယ်ဆိုပါတော့လေ...

သို့သော်... လက်ထပ်ဖို့ ဘုရားကျောင်းထဲ ရောက်သွားတဲ့အခါမှာတော့ ဒုက္ခစတွေ့ပါတယ်...
ကောင်လေးဟာ အလွန်စိတ်လှုပ်ရှားနေတာကြောင့် လက်ထပ်ပွဲတစ်ခုလုံး အလွဲလွဲအချော်ချော်ဖြစ်ပြီး သူ့ကြောင့်ပဲ မီးလောင်မှုတစ်ခုဖြစ်တော့မလိုအထိ ဖြစ်ခဲ့ပါတယ်...
ဘုရားကျောင်းက ဘုန်းတော်ကြီးက ဒေါသကြီးလေတော့ ကောင်လေးကို အသေအချာပြင်ဆင်ပြီး အဆင်သင့်ဖြစ်မှ နောက်တစ်ခေါက်လာခဲ့လို့ အော်ပြော နှင်ထုတ်လိုက်တယ်...
လက်ထပ်ပွဲလဲ ပျက်သွားပါတယ်...
လူပုံအလယ်မှာ ကောင်လေးတစ်ယောက် အရှက်တကွဲဖြစ်ပြီး ချစ်သူရဲ့ ရှေ့မှာလည်း ဖြစ်တာမို့ ရှက်ရွံ့အားငယ်စွာနဲ့ ဘုရားကျောင်းအပြင်ဘက် ပြေးထွက်လာခဲ့တော့တာပေါ့...
ဒီနေ့မှတွေ့တဲ့ ချစ်သူကို ဒီနေ့ပဲ ဝေးရအောင် လုပ်ခဲ့မိတဲ့အတွက် ယူကျုံးမရဖြစ်၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း ကောင်လေးဟာ တောအုပ်ကြီး တစ်ခု အလယ် ရောက်လာခဲ့တော့တယ်...
ကိုယ့်ကိုကိုယ်မကျေမနပ်ဖြစ်နေတဲ့ ကောင်လေးဟာ တောထဲမှာ မင်္ဂလာဆောင်အတွက် လေ့ကျင့်မယ်ဆိုပြီး တစ်ယောက်တည်း စကားတွေပြော လေ့ကျင့်နေတော့တာပေါ့...
အချိန်က ညဘက်ရောက်နေတာနဲ့ ကိုယ့်ကိုကိုယ် တောကြီးမျက်မည်းထဲ ရောက်နေတာတောင် သတိမထားမိတော့ဘူးလေ...
သည်လိုနဲ့ ကောင်လေးဟာ စကားပြောကျင့်လိုက်၊ အမူအရာလေ့ကျင့်လိုက်နဲ့ သစ်ပင်ကြီးတစ်ပင်အောက်ရောက်လာတယ်...
" သည်ဖယောင်းတိုင်နဲ့ ငါဟာ မင်းရဲ့ ဘ၀ကို အလင်းရောင်ပေးပါ့မယ်... သည်လက်ထပ်လက်စွပ်နဲ့ မင်းကို ငါ့ဇနီးမယားအဖြစ် လေးလေးနက်နက် တောင်းဆိုပါတယ်..."
သည်စကားနှစ်ခွန်းကို အကြိမ်ကြိမ်ရေရွတ်ရင်း ကောင်လေးဟာ မြေပြင်ပေါ်က ပေါ်ထွက်နေတဲ့ လက်သဏ္ဍာန် အရာကို လက်စွပ် စွပ်ပေးလိုက်ပါတော့တယ်...
တကယ်တော့ အဲဒီသစ်ပင်ကြီးရဲ့ အောက်မှာ ချစ်သူကိုစောင့်စားရင်း ကြွေလွန်ခဲ့ရတဲ့ သတို့သမီးဝတ်စုံနဲ့ ကောင်မလေးတစ်ယောက် တိတ်တဆိတ် လှဲလှောင်းနေခဲ့ရတယ်ဆိုတာ ကောင်လေး မသိခဲ့ပါဘူး။
သစ်ပင်ကြီးအောက်မှာ လဲလှောင်းနေတဲ့ကောင်မလေးဟာ မိဘက သဘောမတူတဲ့ သူမရဲ့ချစ်သူနဲ့ ခိုးရာလိုက်ပြေးဖို့ သတို့သမီးဝတ်စုံတစ်ခါတည်းဝတ်လာပြီး သစ်ပင်အောက်မှာ သူမရဲ့ချစ်သူကို ထိုင်စောင့်ရင်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ကောင်လေးက သစ်ကိုင်းခြောက်ထင်ပြီး လက်ထပ်လက်စွပ်ကလေး စွပ်ပေးလိုက်မိတာက ကောင်မလေးရဲ့ အရိုးစုက လက်ချောင်းရိုးလေးဖြစ်နေပါတယ်။
ဒါ့အပြင် ကောင်လေးရဲ့ အကြိမ်ကြိမ်ရွတ်နေတဲ့ လက်ထပ်သစ္စာကတိစကားလေးဟာလည်း မသေလွန်ခင်မှာ ကောင်မလေးမျှော်လင့်ခဲ့ရတဲ့ စကားတွေဖြစ်တာကြောင့် အကြောင်းအရာပေါင်းစုံတိုက်ဆိုင်သွားပြီးတဲ့နောက်မှာ တမလွန်က သတို့သမီးကလေးကို အသက်သွင်းလိုက်သလို ဖြစ်သွားပါတော့တယ်။

ကျန်အပိုင်းများကို ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါရန်...

ကာတွန်းဇာတ်ကားလေးက တခြားကာတွန်းဇာတ်ကားတွေလို အက်ရှင်လဲ မဟုတ်၊ ဟာသလဲ မဆန်ဘဲ စိတ်ဝင်စားဖွယ်ရာ အချစ် drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...
စ စချင်းတော့ ပျင်းစရာကောင်းတယ်ထင်ခဲ့ပါတယ်... ဒါပေမယ့် နားလည်အောင် အစအဆုံး သေချာကြည့်လိုက်တဲ့အခါမှာတော့ ဆွေးဆွေးမြေ့မြေ့လေး ခံစားလိုက်ရပါတယ်...
မတူညီတဲ့ ဘ၀နှစ်ခု၊ မတူညီတဲ့ ချစ်သူနှစ်ယောက်၊ ဘယ်သူ့ကိုမှလဲ ကိုယ့်ကြောင့် မနစ်နာစေချင်တဲ့ သတို့သားကောင်လေးရဲ့ အကြောင်းလေးပေါ့...
ဇာတ်ကားပြီးတဲ့အခါမှာတော့ မတူတဲ့ ခံစားမှုတစ်မျိုး ပေးစွမ်းနိုင်တာကြောင့် မျှဝေပေးလိုက်တာပါ... ၀ါသနာပါရင်တော့ ဇာတ်ကားအစအဆုံး စိမ်ပြေနပြေလေးကြည့်ရင်း ခံစားပေးပါနော်...

တိုက်ရိုက်ကြည့်ရန်လင့်ခ်


ရုပ်ရှင်ဒေါင်းရန် (torrent software ဖြင့်)


အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Monday, January 26, 2015

The Terminal (2004) (comedy-drama)



မင်္ဂလာပါသူငယ်ချင်းတို့ရေ...
ဇာတ်ကားတွေလဲ တင်မယ်၊ တင်မယ်နဲ့ ဇာတ်လမ်းအကျဉ်းရေးဖို့ ပျင်းနေတာနဲ့ပဲ မတင်ဖြစ်တာ ကြာပါပြီ။
အခုတော့ ဇာတ်ကားတစ်ကားထပ်တင်ပေးချင်ပါတယ်။
ဇာတ်ကားလေးကတော့ ဟာသ-ဒရမ်မာဇာတ်ကားအမျိုးအစားလေးပါခင်ဗျာ။ ကြာတော့ ကြာခဲ့ပါပြီ၊ ကြည့်ဖူးတဲ့သူလဲ များရင် များပါလိမ့်မယ်။
နိုင်ငံခြားရောက် ကသိကအောက်ဖြစ်ရတာလေးအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။
ဇာတ်ကားလေးနာမည်ကတော့ The Terminal ဖြစ်ပါတယ်ခင်ဗျာ။
ကြည့်ဖူးကြလားသူငယ်ချင်းတို့။
မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ၊ တွမ်ဟန့်နဲ့ ကက်သရင်းဇီတာဂျုံးတို့ပေါ့။
ဇာတ်လမ်းကျောရိုးကတော့ အမေရိကားကို တစ်ခါမှ မရောက်ဖူးတဲ့ ကရာကိုဇီးယားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့ အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။
ဇာတ်လမ်းလေးကတော့ အဓိကဇာတ်ဆောင်ဖြစ်သူ ကရာကိုးဇီးယားနိုင်ငံသား မစ္စတာနိုဗောစကီးတစ်ယောက် အမေရိကားပြည်၊ JFK international airportကို ရောက်လာတာကနေ စတင်ခဲ့ပါတယ်။
နိုဗောစကီး အမေရိကားကို ရောက်လာခဲ့တာကတော့ ဖခင်ဖြစ်သူ အသက်မဆုံးခင် အပြီးမသတ်နိုင်ခဲ့တဲ့ အလုပ်တစ်ခုကို အဆုံးသတ်ဖို့ ရောက်လာခဲ့တာပါ။
ဘာသာစကားမကျွမ်းကျင်ဘဲ yes နဲ့ no လောက်သာ ကောင်းကောင်းသိတဲ့ နိုဗောစကီးတစ်ယောက် ပျားပန်းခတ်နေတဲ့ လေဆိပ်ကြီးထဲ ခြေချလိုက်ကတည်းက အဆင်မပြေမှုတွေ စခဲ့ပါတော့တယ်။
ပတ်စ်ပို့ပြရတဲ့နေရာမှာတင် သူ့ကို ၀င်ခွင့်ပေးလို့ မဖြစ်နိုင်တာကြောင့် လေဆိပ်ရဲက သူ့ကို လေဆိပ်အုပ်ချုပ်ရေးမှူးဆီ ခေါ်သွားပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုဗောစကီးရဲ့ နိုင်ငံဖြစ်တဲ့ ကရာကိုးဇီးယားအစိုးရက သူတို့ဆီက လေကြောင်းအ၀င်တွေ အားလုံး ပိတ်ထားလို့ပါ။ ကရာကိုးဇီးယားမှာ လူထုအုံကြွမှုဖြစ်ပြီး အစိုးရသစ်တက်ပါတယ်။ ဒါကြောင့် အခြေအနေအကြောင်းကြောင်းကြောင့် အစိုးရသစ်ဟာ သူ့နိုင်ငံရဲ့ လေကြောင်းအ၀င်အထွက် အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။ ထို့အတူပဲ သူ့ရဲ့ ပတ်စ်ပို့ဟာလည်း တရားမ၀င်ဖြစ်သွားတဲ့အခါ နိုဗောစကီးဟာ နိုင်ငံမဲ့သူတစ်ယောက် အမေရိကားကိုလည်း ၀င်ခွင့်မရ၊ ကရာကိုးဇီးယားကိုလည်း ပြန်လို့ မရ ဖြစ်နေပါတော့တယ်။
ဒါကြောင့် နိုဗောစကီးဟာ အမေရိကားကို ၀င်ခွင့်မရပါဘူး။
ဒါကို လေဆိပ်အုပ်ချုပ်ရေးမှူးက ခေါ်ယူရှင်းပြပေမယ့် yes လို့ချည်း တွင်တွင်ပြောနေတဲ့ နိုဗောစကီးက လုံးဝနားမလည်ပါဘူး။
နောက်ဆုံး သူ့ကို လေဆိပ်ထဲမှာပဲ နေဖို့ အုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်ပါတယ်။
လေဆိပ်ရဲမှူးက သူ့ကို အခမဲ့အစားအသောက်ဘောက်ချာအချို့၊ ၁၅မိနစ်ဆက်လို့ရတဲ့ ဖုန်းကဒ်တစ်ခု၊ လေဆိပ်ရဲက သူ့ဆီ ဆက်သွယ်နိုင်ဖို့ ပေဂျာတစ်ခု စတာတွေ ပေးပါတယ်။
ဘယ်လိုမျိုး အသုံးပြုရမယ်ဆိုတာလဲ ရှင်းပြပါတယ်။
ဒါပေမယ့် ခက်တာက နိုဗောစကီးက တစ်လုံးမှ နားမလည်လိုက်ပါဘူး။
နောက်ဆုံးတော့ သူ နားလည်လိုက်တာက တစ်ခုထဲပါ။ America is closed. အမေရိကားကို ၀င်ခွင့်မပြုပါ။
သည်လိုနဲ့ နိုဗောစကီးတစ်ယောက် လေဆိပ်ထဲမှာပဲ နေ့စဉ်နေထိုင်ဖြတ်သန်းဖို့ ဖြစ်လာပါတော့တယ်။
သူ အရင်ဆုံး ကြုံတွေ့ရတဲ့ ပြဿနာကတော့ အစားအသောက်ပြဿနာပါ။ အစားအသောက်ဘောက်ချာတွေ ကျပျောက်သွားတဲ့အပြင် ကရာကိုးဇီးယားငွေကလည်း သုံးလို့မရပါဘူး။
သည်လိုနဲ့ စား၊၀တ်၊နေရေး ကိစ္စအားလုံးကို လေဆိပ်ထဲမှာပဲ ကြံဖန်ဖြေရှင်းရင်း လေဆိပ်အမှုထမ်းတွေဖြစ်တဲ့ သန့်ရှင်းရေးသမား အိန္ဒိယနိုင်ငံမှ ဂုပ္ပတ္တား၊ အစားအစာယဉ်မောင်း တောင်အမေရိကမှ အန်ရီကေး၊ လေဆိပ်အထုပ်အပိုးပို့ဆောင်သူ အာဖရိကမှ မူလ်ရွိုင်း၊ လေဆိပ်ဝန်ထမ်းမလေး တောရက်စ်တို့ နဲ့ ရင်းနှီးခင်မင်လာခဲ့ပါတယ်။
တစ်နေ့မှာတော့ ဘ၀ရဲ့ ကိစ္စအားလုံးကို လေဆိပ်မှာပဲ ကြံဖန်ဖြေရှင်းနေရတဲ့ နိုဗောစကီးတစ်ယောက်ဟာ ရောက်ရာလေဆိပ်မှာ စပွန်ဆာအချစ်ကို ရှာတတ်ပြီး အရမ်းချောမောလှပတဲ့ လေယာဉ်မယ်လေး အာမေးလီးယား ၀ါရမ်နဲ့ ဆုံတွေ့ပြီးတဲ့အခါမှာတော့ ရင်သပ်လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးမိပါတော့တယ်။
ဇာတ်ကားလေးက ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြည်နူးခြင်း၊ လွမ်းမောခြင်း စတဲ့ ရသပေါင်းစုံကို တစ်ခါတည်း ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးပါပဲ။
နိုင်ငံခြားကို ရောက်နေတဲ့၊ ရောက်ဖူးတဲ့ သူငယ်ချင်းများအနေနဲ့ ဇာတ်ကားထဲက နိုဗောစကီးရဲ့ အူကြောင်ကြောင် ကသိကအောက်ဖြစ်ရပ်တွေထဲက တစ်ခုမဟုတ်တစ်ခုတော့ ကြုံဖူးမှာပါ။

ကဲ... သည်လိုဆိုတော့ ကျွန်တော်တို့ ဇာတ်ကားလေးကို ဖန်သားပြင်ပေါ်မှာပဲ ရှုစားလိုက်ကြရအောင်လားခင်ဗျာ...

တိုက်ရိုက်ကြည့်ရန်လင့်ခ်
ဘာမှ မနှိပ်ပါနဲ့၊ Continue ကိုပဲ နှိပ်ပြီး ဆက်သွားပါ။ ဇာတ်ကားကြည့်လို့ရတဲ့ နေရာ ရောက်လာပါလိမ့်မယ်။

ဒေါင်းလုဒ်ချရန်လင့်ခ်


ကျေးဇူးတင်ပါတယ်။


Saturday, January 17, 2015

The Book of Life (2014) BluRay 720p Free Watch Online And Download




အရမ်းကောင်းတဲ့ ဇာတ်ကားလေးပါ။
IMDb မှာ rating 7.4 ရပါတယ်။
ဇာတ်လမ်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ကို အခြေခံထားတာပါ။
မက္ကဆီကိုရိုးရာယုံကြည်မှုကို အခြေခံထားပါတယ်။
မေ့လျော့ခြင်းနယ်မြေကို အစိုးရတဲ့ နတ်ဘုရား ဇီဘာလာနဲ့ လွမ်းဆွတ်ခြင်းနယ်မြေကို အစိုးရတဲ့ နတ်ဘုရားမ လာမာရူတီတို့နှစ်ယောက် အချင်းချင်း လောင်းကစားကြရာကနေ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာခဲ့ပါတယ်။
အဓိကဇာတ်ကောင်သုံးယောက်ကတော့ ကောင်လေးနှစ်ယောက် မာနိုလို၊ ဂျိုအာကွင်း၊ ကောင်မလေး မာရီယာတို့ပါ။
မာရီယာက မြို့ကို စောင့်ရှောက်ရတဲ့ ဗိုလ်ချုပ်ရဲ့ သမီး။
ဂျိုအာကွင်းက နာမည်ကြီးဒါးပြကြီးနဲ့ တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ စစ်ဗိုလ်သူရဲကောင်းရဲ့ သား။
မာနိုလိုက ထင်ရှားတဲ့ ကျွဲသတ်စတန့်သမားမိသားစုက ဆင်းသက်လာသူ။
အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။
ကောင်လေးနှစ်ယောက်က ကောင်မလေးကို အသေအလဲချစ်ကြတယ်။
ဒီတော့ ဇီဘာလာက ဂျိုအာကွင်းက ကောင်မလေးကို လက်ထပ်ရမယ်ဆိုပြီး လောင်းတယ်။
လာမာရူတီကတော့ မာနိုလိုဘက်ကပေါ့။
လောင်းကြေးက ဇီဘာလာနိုင်ရင် လွမ်းဆွတ်ခြင်းနယ်မြေကို အပိုင်စားရမယ်။
လာမာရူတီနိုင်ရင်တော့ ဇီဘာလာဟာ လူတွေကို ထပ်မံမနှောင့်ယှက်ရတော့ဘူးလို့ ဆိုတယ်။
မာရီယာဟာ အရွယ်မရောက်ခင်ဘဲ တတ်သင့်တဲ့ ပညာတွေ သင်ကြားဖို့ ဖခင်ဖြစ်သူက ပြင်သစ်ပြည်ကို စေလွှတ်ခြင်းခံရပါတယ်။
သူမ ပြန်ရောက်လာတဲ့အချိန်မှာတော့ အရမ်းအလှသွေးကြွယ်နေတဲ့ ကောင်မလေး ဖြစ်နေပါပြီ။
အဲဒီအချိန်မှာ ဂျိုအာကွင်းက မြို့ရဲ့ သူရဲကောင်းစစ်ဗိုလ်ကြီး ဖြစ်နေပြီဖြစ်ပြီး
မာနိုလိုကတော့ ကျွဲသတ်စတန့်သမားဖြစ်ဖို့ ဖခင်ရဲ့ ဂုဏ်ယူဝင့်ကြွားစွာ လေ့ကျင့်ပေးခြင်း ခံနေရတယ်။
မာနိုလိုတကယ်တမ်းဖြစ်ချင်တာက ဂီတသမား အနုပညာရှင်တစ်ယောက်လေ။
ဒီလိုနဲ့ သူတို့သုံးယောက်ပြန်တွေ့တဲ့ အချိန်မှာတော့ ဇာတ်လမ်းလေးက စပါတယ်။
မာရီယာက မာနိုလိုကို ပိုပြီး စိတ်ဝင်စားတယ်။ ဂျိုအာကွင်းကို ငြင်းချင်တယ်။
မာနိုလိုရဲ့ အင်မတန်ရိုမန်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံလိုက်ရတဲ့အချိန်မှာ မာရီယာတစ်ယောက် လက်ခံမယ့်ဆဲဆဲ
ဇီဘာလာရဲ့ အကျင့်ယုတ် နှောင့်ယှက်ခြင်းကို ခံရပါတော့တယ်။
ကျန်တာတွေ ပိတ်ကားပေါ်မှာ ရှုစားပါရန်။
နမူနာဗီဒီယိုပါ။



အွန်လိုင်းမှာ တိုက်ရိုက်ကြည့်ချင်ရင်
Watch Online
 ဒေါင်းလုဒ်ချချင်ရင် အောက်ပါလင့်ခ်ကို နှိပ်ပါရန်။
Download Movie
ကျေးဇူးတင်ပါတယ်။